Monday, August 21, 2023

လားရှိုးမြို့ရှိ ချောင်းအတွင်း၌ အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံး



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ချောင်းတစ်ခုအတွင်း အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ မွန်းတည့် ၁၂နာရီအချိန်တွင် လားရှိုးမြို့၊ ရေအေးချောင်းအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပေးသောလက်ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။

"ကျွန်တော်တို့သိရတာကတော့ သူတို့က(၃)ယောက်ဗျ။ ရေဆော့ရင်း ကလေးတစ်ယောက်ကရေနစ်တော့ ကျန်တဲ့(၂)ယောက်ကလိုက်ဆယ်တယ်တဲ့။ လိုက်ဆယ်တာလဲမရတော့တာပေါ့"ဟု ပေးသောလက်ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းချောင်းအတွင်း၌ ရေနစ်ပျောက်ဆုံးနေသူသည် လားရှိုးမြို့၊ ၈ ရပ်ကွက်တွင်နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် မောင်ဖြိုးဝေဖြစ်ကြောင်း သိရသည်။

"မနေ့ကတည်းကရှာနေတာပါဗျ။ ဒီနေ့လဲဆက်ရှာနေပါတယ်။ ချောင်းက တော်တော်ကျယ်တယ်ဗျ။ သီပေါဒုတ္ထဝတီမြစ်အစပေါ့။ ကောင်လေးက ရေစီးနဲ့မျောသွားတဲ့သဘောပေါ့ဗျာ"ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ရေနစ်ပျောက်ဆုံးလျက်ရှိသော အမျိုးသားအား လားရှိုးလူငယ်များပရဟိတလူမှုကူညီရေးအသင်း၊ ပေးသောလက်ပရဟိတလူမှုကယ်ဆယ်ရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ စုပေါင်းရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


CRD NP NEWS


0 Comments:

Post a Comment