Monday, August 21, 2023

ဘရာဇီးလ်ဘတ်စ်ကားတိုက်မှုမှာ ဘောလုံးပရိသတ် ၇ ဦးသေဆုံး



၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၁


ဘရာဇီးလ်နိုင်ငံ အရှေ့တောင်ပိုင်းမှာ သြဂုတ် ၂၀ ရက်က ဘောလုံးပရိသတ်တွေ သယ်ဆောင်လာတဲ့ ဘတ်စ်ကား ကို ယာဉ်မောင်းက ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိလို့ အနည်းဆုံးလူ ၇ ဦး သေဆုံးပြီး ၂၇ ဦး ဆေးရုံတင်ထားရတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။


Minas Gerais ပြည်နယ်ရှိ Belo Horizonte အနီး အဝေးပြေးလမ်းမပေါ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ မီးသတ်အရာရှိတွေက ပြောပါတယ်။


G1 သတင်းဝက်ဘ်ဆိုက်က ခရီးသည်တွေကို တွေ့ဆုံမေးမြန်းခဲ့တာမှာ ယာဉ်မောင်းဟာ ဘတ်စ်ကားကို ထိန်းချုပ်နိုင်ခြင်းမရှိခင် ဘရိတ်မမိတော့ဘူးလို့ အော်ဟစ်ခဲ့ကြောင်း ပြောထားပါတယ်။

ဆာအိုပေါ်လိုရဲ့ ကိုရင်သီယန် ဘောလုံးအသင်းက ပရိသတ် ၄၀ ကျော်ဟာ ဒီဘတ်စ်ကားပေါ်မှာ လိုက်ပါလာ ခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။


Minas Gerais မီးသတ်တပ်ဖွဲ့ရဲ့ အရာရှိတစ်ဦးက သေဆုံးခဲ့တဲ့ စာရင်းကို ထုတ်ပြန်ခဲ့ပေမယ့် ဆေးရုံတင်ထားရတဲ့ သူတွေ ဘယ်လိုအခြေအနေမှာ ရှိနေတယ်ဆိုတာတော့ ပြောကြားခဲ့ခြင်း မရှိပါဘူး။ 


ဘရာဇီးလ်နိုင်ငံ အမျိုးသားကုန်းလမ်း ပို့ဆောင်ရေးအေဂျင်စီ(ANTT)က ဒီဘတ်စ်ကားဟာ မှတ်ပုံတင်ထားခြင်း မရှိတဲ့အတွက် ပြည်နယ်တွေကြားမှာ ခရီးသည်တွေကို ပို့ဆောင်ဖို့အတွက် ခွင့်ပြုချက်မရှိဘူးလို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။


ဘရာဇီးလ်နိုင်ငံမှာရှိတဲ့ ကလပ်အသင်းတွေအပြင် ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဟာ သေဆုံးသွားတဲ့သူတွေရဲ့ မိသားစုတွေနဲ့ သူငယ်ချင်းတွေထံ ဝမ်းနည်းကြောင်း ပေးပို့ခဲ့ကြတယ်လို့ သိရပါတယ်။


Source: CNA

ထိုင်ဝမ်အပေါ် ဖိအားမပေးဖို့ အမေရိကန်က တရုတ်ကိုပြော



ဝါရှင်တန်၊ သြဂုတ် ၂၁


ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်အနေဖြင့် ထိုင်ဝမ် အပေါ် ဖိအားပေးနေခြင်းကို ရပ်တန့်ရန် အမေရိကန်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။


တရုတ်သည် ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံလိုင်၏ ပါရာဂွေးခရီးစဉ်အတွင်း အမေရိကန်သို့ ဝင်ရောက်ခဲ့မှုကို တုံ့ပြန် သည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။


လိုင်သည် ပါရာဂွေးသို့ အသွားတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဝင်ရောက်ခဲ့ပြီး ပါရာဂွေးမှ အပြန်ခရီး တွင်လည်း ဆန်ဖရန်စစ္စကိုမြို့သို့ ဝင်ရောက်ခဲ့သည်။


ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်လေတပ်မှ လေယာဉ် ၂၅ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ကျော်ဖြတ်ခဲ့သည်ဟု ထိုင်ဝမ်က ပြောကြားခဲ့ပြီးနောက် အမေရိကန်၏ အထက်ပါအတိုင်း ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ လေယာဉ်များအနက် SU-30 နှင့် J-11 တိုက်လေယာဉ်များ ပါဝင်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိ သူက အမေရိကန်အနေဖြင့် တရုတ်၏ စစ်ရေးလေ့ကျင့် မှုများကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း၊ တရုတ်အနေ ဖြင့် ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး ဖိအားများ ပေးနေခြင်းကို ရပ်တန့်ရန် ပြောကြားခဲ့သည်။

ထိုသို့ ဖိအားများ ပေးနေမည့်အစား တရုတ်သည် ထိုင်ဝမ်နှင့် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန် လည်း အမေရိကန်က တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် အပြီးတွင် ကွဲကွာသွားခဲ့ပြီး တရုတ်၏ အာဏာရ ကွန်မြူနစ် ပါတီက ပြည်မကြီးကို ထိန်းချုပ်ခဲ့သည်။ 

ထိုင်ဝမ်သည် မည်သည့်အခါကမျှ တရုတ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သော် လည်း တရုတ်ကမူ ထိုင်ဝမ်သည် တရုတ်၏ ခွဲထွက်ပြည်နယ်တစ်ခုဖြစ်ကာ လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်ကို လက်နက်များ အများဆုံး ထောက်ပံ့ပေးနေပြီး နိုင်ငံရေးနှင့်စစ်ရေး အကူအညီများ ပေးခဲ့သဖြင့် တရုတ်နှင့် ဆက်ဆံရေးများ တင်းမာခဲ့သည်။

တရုတ်သည် အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် ထိတွေ့ဆက်ဆံမှုများကို ဒေါသတကြီး ဝေဖန်လေ့ရှိပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လကလည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ (Nancy Pelosi)၏ ထိုင်ဝမ် ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။


ထို့ပြင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) သည် ယခုနှစ်အတွင်း အမေရိကန်တွင် လက်ရှိ အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီ (Kevin McCarthy) နှင့် တွေ့ဆုံခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် အကြီးစား စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။


Source: အယ်လ်ဂျာဇီးယား

လားရှိုးမြို့ရှိ ချောင်းအတွင်း၌ အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံး



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ချောင်းတစ်ခုအတွင်း အုပ်စုဖွဲ့ရေကူးနေစဉ် အသက်(၁၇)နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်ပျောက်ဆုံးလျက်ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဩဂုတ်လ ၂၀ ရက်)၊ မွန်းတည့် ၁၂နာရီအချိန်တွင် လားရှိုးမြို့၊ ရေအေးချောင်းအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ပေးသောလက်ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။

"ကျွန်တော်တို့သိရတာကတော့ သူတို့က(၃)ယောက်ဗျ။ ရေဆော့ရင်း ကလေးတစ်ယောက်ကရေနစ်တော့ ကျန်တဲ့(၂)ယောက်ကလိုက်ဆယ်တယ်တဲ့။ လိုက်ဆယ်တာလဲမရတော့တာပေါ့"ဟု ပေးသောလက်ပရဟိတ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၎င်းချောင်းအတွင်း၌ ရေနစ်ပျောက်ဆုံးနေသူသည် လားရှိုးမြို့၊ ၈ ရပ်ကွက်တွင်နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် မောင်ဖြိုးဝေဖြစ်ကြောင်း သိရသည်။

"မနေ့ကတည်းကရှာနေတာပါဗျ။ ဒီနေ့လဲဆက်ရှာနေပါတယ်။ ချောင်းက တော်တော်ကျယ်တယ်ဗျ။ သီပေါဒုတ္ထဝတီမြစ်အစပေါ့။ ကောင်လေးက ရေစီးနဲ့မျောသွားတဲ့သဘောပေါ့ဗျာ"ဟု ၎င်းကဆက်လက်ပြောသည်။

လက်ရှိတွင် ရေနစ်ပျောက်ဆုံးလျက်ရှိသော အမျိုးသားအား လားရှိုးလူငယ်များပရဟိတလူမှုကူညီရေးအသင်း၊ ပေးသောလက်ပရဟိတလူမှုကယ်ဆယ်ရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့မှ စုပေါင်းရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။


CRD NP NEWS


သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ရေဆင်းပထမနှစ်သင်တန်းဝင်ခွင့်အတွက် လျှောက်လွှာများခေါ်ယူ



သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ ရေဆင်းပထမနှစ်သင်တန်းဝင်ခွင့်အတွက် လျှောက်လွှာများ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ယနေ့(ဩဂုတ်လ ၂၁ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် အထက်ပါကဲ့သို့ကြေညာထားခြင်းဖြစ်သည်။


အဆိုပါ လျှောက်ထားသူများအနက် အမျိုးသား (၆၄)ဦးနှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၈၀)ဦး တို့ကို ခေါ်ယူသွားမည်ဖြစ်ပြီး ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူများလည်း လျှောက်ထားနိုင်ကြောင်း သိရသည်။

လျှောက်ထားသူသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရန်လိုပြီး စုစုပေါင်းရမှတ် (၃၆၀)နှင့်အထက်ရရှိရန်လိုအပ်ကြောင်း ထုတ်ပြန်ထားသည်။

လျှောက်လွှာများကို နေပြည်တော်၊ ဇေယျသီရိမြို့နယ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ‌ သင်တန်းရေးရာဌာန သို့ စက်တင်ဘာလ (၂၉)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

CRD; NP News

Thursday, November 24, 2022

HUAWEI nova 10 SE ကို Pre-order မှာယူနိုင်ပြီလို့ Huawei Consumer Business Group (BG) ကကြေညာ



ရန်ကုန်၊ နိုဝင်ဘာ (၂၅)၊ ၂၀၂၂ 

        HUAWEI nova 10 SE အား မြန်မာကျပ် ၉၄၉,၀၀၀ ဖြင့် နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၃၀)ရက်နေ့ အထိ Pre-order မှာယူနိုင်ပြီး Pre-order ကာလအတွင်း Huawei Band 7 အားလက်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

        HUAWEI nova 10 SE အား ယခင် nova model ဖုန်းများမှ ပိုမိုသိသာထင်ရှားသော ပုံစံဖြင့်ခွဲထွက်ထုတ်လုပ်ထားသည်။ အထင်ကရဒီဇိုင်းဖြစ်သည့် ကြယ်ပတ်လမ်းကြောင်းပုံစံကို အမွေဆက်ခံကာ HUAWEI nova 10 SE တွင် စွဲမက်ဖွယ်ရာ ကြယ်ပတ်လမ်းကြောင်းပုံစံနှစ်ခုဖြင့် ဖန်တီးထားပြီး တစ်မူထူးခြားသည့် ကိုယ်ထည်အသား၊ မျက်စိပဒါသဖြစ်စေသည့် တစ်လက်လက်တောက်ပသော အရောင်လေးများဖြင့် ဖန်တီးထုတ်လုပ်ထားသည်။

        အနောက်ကိုယ်ထည်ဒီဇိုင်းမှာလည်း တောက်ပချောမွေ့သော Matte အသားဖြင့်ပြုလုပ်ထားပြီး AF Processing မှ အစွန်းအထင်းများ၊ ဆီ၊ ရေနှင့် နေ့စဉ်အသုံးပြုရာမှ ဖြစ်ပေါ်သည့် အစင်းရာထင်ခြင်းစသည်တို့ကို ခံနိုင်စေသည်။ HUAWEI nova 10 SE ၏ Starry Silver မော်ဒယ်လ်တွင် တောက်ပသည့် ရွှေရောင်လိုဂိုအား အနုစိတ်ထည့်သွင်းထားကာ ငယ်ရွယ်လှပခြင်း၏ သက္လေတတစ်ခုအနေဖြင့် အထူးထုတ်လုပ်ထားသည်။

        HUAWEI nova series များအား ခေတ်ဆန်သည့်အရောင်များဖြင့်ထုတ်လုပ်လေ့ရှိပြီး HUAWEI nova 10 SE တွင်လည်း ဆက်လက်အမွေဆက်ခံကာ Starry Silver (ငွေမှင်ရောင်)၊ Mint Green (အစိမ်းရောင်)၊ Starry Black (အနက်‌ရောင်) ဟူ၍ လူငယ်များအတွက် ရွေးချယ်နိုင်ရန် ထုတ်လုပ်ထားသည်။ အရောင်တစ်ရောင်စီတွင် စတိုင်တစ်မျိုးစီရှိပြီး ယနေ့ခေတ် ဖက်ရှင်အတွက် ရှိထားသင့်သည့် အရောင်များဖြစ်သည်။

        HUAWEI nova 10 SE တွင် 108MP High-Res Portrait Camera ပါဝင်ပြီး သာမာန်သတိမထားမိနိုင်သော အသေးစိတ်များအား ပေါ်လွင်နိုင်စေကာ RAW domain တွင် Multi-frame fusion algorithm အား အထောက်အပံ့ပေးထားသည်။ ဖုန်း၏ 6.67-inch OLED HUAWEI full-View Display၊ 4500mAh battery နှင့် vlog-shooting features များမှ အကောင်းဆုံး EMUI 12 လုပ်ဆောင်ချက်များကို အဆင်ပြေချောမွေ့စေသည်။

        HUAWEI nova 10 SE သည် 184g အလေးချိန်ရှိပြီး 7.39mm အထူရှိသည့်အတွက် လက်ထဲတွင် သက်တောင့်သက်သာ ဖြစ်ပြီး အိတ်ကပ်ထဲတွင်လည်း လွယ်လွယ်ကူကူသယ်သွားနိုင်မည်ဖြစ်သည်။ တစ်ပြေးညီကိုယ်ထည်အပြား ဒီဇိုင်းဖြင့် သတ္တုနှင့်အမှုန်လေးများပေါင်းစပ်ပြီး တလက်လက်တောက်ပသော Matte အသားဖြင့်ထုတ်လုပ်ထားသည်။

        HUAWEI nova series များ၏ display quality သည် generation တစ်ခုစီတိုင်းတိုးတက်လာပြီး HUAWEI nova 10 SE တွင် 100% P3 wide colour gamut အား အထောက်အပံ့ပေးပြီး 90Hz refresh rate၊ 270Hz touch sampling rate တို့အပြင် အကောင်းဆုံး အသေးစိတ်မြင်ကွင်းများအား ပေးစွမ်းနိုင်သော 6.67 လက်မ OLED HUAEWI Full-view Display ဖြင့်ထုတ်လုပ်ထားသည်။

        HUAWEI nova 10 SE ၏ မျက်နှာပြင်ဘေးပတ်လည်ရှိ ပြားပြီးပါးလွှာသော ဘေးဘောင်လေးများကြောင့် မျက်နှာပြင်မြင်ကွင်းကို ပိုမိုကျယ်စေပြီး screen-to-body ratio မှာ 91.85% ရှိသည်။ HUAWEI nova 10 SE သည် P3 wide colour gamut display အားထောက်ပံ့ပေးသောကြောင့် အလင်းအမှောင်ထိန်းညှိနိုင်ကာ စိုပြည်တောက်ပသော အရောင်များကို ရရှိနိုင်မည်ဖြစ်သည်။

        HUAWEI nova 10 SE တွင် Always-on-Display notification အားထောက်ပံ့ပေးသည့်အတွက် အချိန်နှင့် ဘက်ထရီ စသည်ဖြင့် အရေးကြီးသောအကြောင်းအရာများကို ဖုန်းပိတ်ထားလျင်တောင် ဖုန်းမျက်နှာပြင်တွင်မြင်နိုင်မည်ဖြစ်သည်။ ထိုပြင် မိမိစိတ်ကြိုက် Screen-off themes များအားလည်း ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်သည်။ HUAWEI nova 10 SE သည် အလင်းရောင်အခြေအနေပေါ်တွင်မူတည်၍ အလင်းအမှောင်ထိန်းညှိပေးနိုင်သော 10K-Level Auto Brightness Adjustments အားလည်း အထောက်အပံ့ပေးသည်။ ထို့ပြင် မျက်လုံးထိခိုက်မှုလျော့နည်းစေရန် နောက်ဆုံးပေါ် Hardware နှင့် Software နည်းပညာကိုအသုံးပြု၍ ရုပ်ပုံများအတွင်းရှိ Blue sub-pixels များအား လျော့နည်းအောင် အထူးပြုလုပ်ထားသည်။

        HUAWEI nova 10 SE ကို RAM 8GB +256GB Storage ဖြင့် ရရှိမှာ ဖြစ်ပြီး Starry Silver (ငွေမှင်ရောင်)၊ Starry Black (အနက်‌ရောင်)နှင့် Mint Green (အစိမ်းရောင်) တို့အား မြန်မာကျပ် ၉၄၉,၀၀၀ ဖြင့်နိုဝင်ဘာလ (၂၅) ရက်နေ့မှ (၃၀) ရက်နေ့အထိ Pre-order မှာယူနိုင်ပြီး Pre-order ကာလအတွင်း Huawei Band 7 အားလက်ဆောင်ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။


Tuesday, August 2, 2022

မန္တလေးက အုပ်ချုပ်ရေးမှူးရုံးတွေ လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံရ

 


ဩဂုတ် ၂

ဩဂုတ် ၁ရက် ညပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်၊ (ဆ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနဲ့ ချမ်းတောင်အုပ်ချုပ်ရေးမှူးရုံးတွေ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။ 

ဩဂုတ် ၁ ရက် ည ၉ နာရီခန့်အချိန်က ပြည်ကြီးတံခွန်မြို့နယ်၊ ၅၆ လမ်းနဲ့ ၁၃၀ လမ်း ကြားရှိ (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းနဲ့ လာရောက် ပစ်ပေါက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကြားသိရပါတယ်။ 

ထို့အတူ ည ၈နာရီခန့်မှာလည်း ချမ်းမြသာစည်မြို့နယ်၊ ဦးပွါးခုံးကျော်တံတားအနီးရှိ တောင်ရပ်ကွက်(ချမ်းတောင်) အုပ်ချုပ်ရေးမှူးရုံးကို လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် ရုံးအတွင်းရှိ ရာအိမ်မှူး ဦးဝင်းဇော် အပါအဝင် အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရုံးရှေ့မှာ ရပ်ထားတဲ့ Honda Fit ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရှိရပါတယ်။

ပယ်လစီ ထိုင်ဝမ်ကိုသွားရင် အမေရိကန်-တရုတ် ဆက်ဆံရေးပျက်ပြားလိမ့်မယ်လို့ တရုတ်ပြော

 


သြဂုတ် ၂ 

ထိုင်ဝမ်ကျွန်းနိုင်ငံကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လစီသွားရောက်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ဆက်ဆံရေးကိုပျက်ပြားစေမှာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာတရုတ်သံအမတ်ကြီး ကျောင်းရွှင်းက သြဂုတ်လ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ 

ပယ်လစီက ထိုင်ဝမ်ကိုသွားရောက်ခဲ့ရင် တရုတ်နိုင်ငံက ဒီအတိုင်းထိုင်ကြည့်နေမှာ မဟုတ်ဘူးဆိုတဲ့ တရုတ် အစိုးရရဲ့ သတိပေးစကားတွေဟာ အမေရိကန်ပြည်ထောင်စုအတွက် ခြိမ်းခြောက်မှုတွေဖြစ်လာမှာမဟုတ်ဘူး လို့ အမေရိကန်က ပြောဆိုခဲ့သလို ပယ်လစီက သြဂုတ်လ ၂ ရက် (အင်္ဂါနေ့) မှာ ထိုင်ဝမ်နိုင်ငံကိုသွားရောက်ဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ 

“ဒီခရီးစဉ်မျိုးဟာ အရမ်းအန္တရာယ်ကြီးပါတယ်။ တကယ့်ကို ရန်စတဲ့အပြုအမူလည်းဖြစ်ပါတယ်။ တကယ်လို့ ဒီ ခရီးစဉ်သွားဖြစ်ခဲ့ရင် တရုတ်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုကြားမှာ ဆက်ဆံရေးတွေ ပျက်ပြားသွားပါလိမ့် မယ်။” လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နိုင်ငံက ဥက္ကဋ္ဌအဖြစ် စတင်တာဝန်ထမ်းဆောင်မယ့်အခမ်း အနားနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ကျောင်းရွှင်းက ပြောဆိုခဲ့ပါတယ်။ 

အခု ပယ်လီစသွားမယ်ဆိုပြီး လျာထားတဲ့ခရီးစဉ်ကို ၁၉၉၇ ခုနှစ်တုန်းက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌအလည်လာရောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်ခရီးစဉ်နဲ့ မနှိုင်းယှဉ်သင့်ကြောင်းကိုလည်း ကုလသမဂ္ဂဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောင်းရွှင်းက ပြောပါတယ်။ 

“အစောပိုင်းကာလက ကျူးလွန်ခဲ့တဲ့အမှားဟာ နောက်ထပ်အမှားကျူးလွန်ဖို့ တရားဝင်ခွင့်ပြုပေးလိုက်တာ မဟုတ်ပါဘူး။ ဒီ့ထက်ပိုပြီးပြောရရင် ထိုင်ဝမ်ကျွန်းက အခြေအနေတွေဟာ ပြင်ပအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှု နဲ့အတူ ပြောင်းလဲနေပါပြီ။” လို့ ကျောင်းရွှင်ကပြောပါတယ်။ 

“လွတ်လပ်ရေးကြေညာဖို့ ထိုင်ဝမ်ကျွန်းရဲ့တိမ်းညွတ်မှုက နောက်ထပ်ပိုပြီးတော့ ကြီးမားလာနေပါတယ်။ ဒါကို ရပ်တန့်ဖို့ ကျွန်တော်တို့ သင့်တော်သလို အရေးယူဆောင်ရွက်တာမျိုး၊ အင်အားသုံးတားမြစ်တာမျိုးမလုပ်ခဲ့ဘူး ဆိုရင် အခြေအနေက ထိန်းချုပ်လို့ရမှာ မဟုတ်တော့ပါဘူး။” လို့ ကျောင်းက နယူးယောက်မြို့မှာ သတင်း ထောက်တွေကို ပြောပါတယ်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီကျင့်ဖိန်တို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တယ်လီုဖန်းနဲ့ စကား ပြောဆိုတုန်းက ပြောခဲ့သလို တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လေးစားဖို့ အမေရိကန်အစိုးရကို ကျောင်းက တိုက်တွန်းလိုက်ပါတယ်။ 

Ref: UPDATE 1-China says Pelosi Taiwan visit would undermine U.S.-China ties


Monday, October 3, 2016