Monday, August 21, 2023

ထိုင်ဝမ်အပေါ် ဖိအားမပေးဖို့ အမေရိကန်က တရုတ်ကိုပြော



ဝါရှင်တန်၊ သြဂုတ် ၂၁


ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် တရုတ်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်အနေဖြင့် ထိုင်ဝမ် အပေါ် ဖိအားပေးနေခြင်းကို ရပ်တန့်ရန် အမေရိကန်က ပြောကြားခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။


တရုတ်သည် ထိုင်ဝမ် ဒုတိယသမ္မတ ဝီလျံလိုင်၏ ပါရာဂွေးခရီးစဉ်အတွင်း အမေရိကန်သို့ ဝင်ရောက်ခဲ့မှုကို တုံ့ပြန် သည့်အနေဖြင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။


လိုင်သည် ပါရာဂွေးသို့ အသွားတွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဝင်ရောက်ခဲ့ပြီး ပါရာဂွေးမှ အပြန်ခရီး တွင်လည်း ဆန်ဖရန်စစ္စကိုမြို့သို့ ဝင်ရောက်ခဲ့သည်။


ပြီးခဲ့သည့် ၂၄ နာရီအတွင်း တရုတ်လေတပ်မှ လေယာဉ် ၂၅ စင်းသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ကျော်ဖြတ်ခဲ့သည်ဟု ထိုင်ဝမ်က ပြောကြားခဲ့ပြီးနောက် အမေရိကန်၏ အထက်ပါအတိုင်း ပြောကြားချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်၏ လေယာဉ်များအနက် SU-30 နှင့် J-11 တိုက်လေယာဉ်များ ပါဝင်ခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိ သူက အမေရိကန်အနေဖြင့် တရုတ်၏ စစ်ရေးလေ့ကျင့် မှုများကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း၊ တရုတ်အနေ ဖြင့် ထိုင်ဝမ်အပေါ် စစ်ရေး၊ သံတမန်ရေးနှင့် စီးပွားရေး ဖိအားများ ပေးနေခြင်းကို ရပ်တန့်ရန် ပြောကြားခဲ့သည်။

ထိုသို့ ဖိအားများ ပေးနေမည့်အစား တရုတ်သည် ထိုင်ဝမ်နှင့် အဓိပ္ပာယ်ပြည့်ဝသည့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန် လည်း အမေရိကန်က တိုက်တွန်းခဲ့သည်။

တရုတ်နှင့် ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ် အပြီးတွင် ကွဲကွာသွားခဲ့ပြီး တရုတ်၏ အာဏာရ ကွန်မြူနစ် ပါတီက ပြည်မကြီးကို ထိန်းချုပ်ခဲ့သည်။ 

ထိုင်ဝမ်သည် မည်သည့်အခါကမျှ တရုတ်၏ အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သော် လည်း တရုတ်ကမူ ထိုင်ဝမ်သည် တရုတ်၏ ခွဲထွက်ပြည်နယ်တစ်ခုဖြစ်ကာ လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံရေး မရှိသော်လည်း ထိုင်ဝမ်ကို လက်နက်များ အများဆုံး ထောက်ပံ့ပေးနေပြီး နိုင်ငံရေးနှင့်စစ်ရေး အကူအညီများ ပေးခဲ့သဖြင့် တရုတ်နှင့် ဆက်ဆံရေးများ တင်းမာခဲ့သည်။

တရုတ်သည် အမေရိကန်နှင့် ထိုင်ဝမ်အကြား တရားဝင် ထိတွေ့ဆက်ဆံမှုများကို ဒေါသတကြီး ဝေဖန်လေ့ရှိပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လကလည်း အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပယ်လိုစီ (Nancy Pelosi)၏ ထိုင်ဝမ် ခရီးစဉ်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။


ထို့ပြင် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) သည် ယခုနှစ်အတွင်း အမေရိကန်တွင် လက်ရှိ အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက္ကာသီ (Kevin McCarthy) နှင့် တွေ့ဆုံခဲ့မှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် အကြီးစား စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။


Source: အယ်လ်ဂျာဇီးယား

0 Comments:

Post a Comment